Tuesday, January 19, 2010

***မြစ်တစ်စင်း နှင့် ချစ်ခြင်း***


သခင်..........

အကျွန့် ၏ သခင့်အပေါ်တွင်ထား ရှိသော ချစ်မြတ်နိုးခြင်းသည် အကျွန်၏ ရင်တွင်းမှ အကျွန်ကိုယ်တိုင် ဖန်ဆင်းထားသော သမုဒယ မြစ်တစ်စင်းသာ ဖြစ်ပါသည်.........

မြစ်တို့ မည်သည်......
စုန်ရေသာ ရှိကြကုန်၏ ။ ဆန်ရေမရှိ ။ ထို့ အတူ သခင့်အား ချစ်မြတ်နိုးခြင်းသည်လည်း အကျွန့် ထံမှ
အသွားပဲရှိ၍ အပြန်လာလိမ့်မည် မဟုတ်ကိုလည်း အကျွန်သိခဲ့ပါ၏ ။ မြစ်တစ်စင်း၌ ဆန်ရေပြန်တက်ခဲ့သော် လူအများအံ့
သြထိတ်လန့်  ပြောစမှတ်တွင်ကြပေလိမ့်မည် ။ သခင်၏ ချစ်ခြင်းအား အကျွန့် ကို ပေးသနားတော် မူခဲ့သော် အကျွန်တို့ 
လည်း လူပြောစရာ ဖြစ်လာပေလိမ့်မည် ။ သခင်၏ ချစ်ခြင်းအား များစွာ မမျှော်လင့်ခဲ့သော်လည်း တိတ်တဆိတ် အကျွန်
တောင်းတနေခဲ့ပါ၏ ။ သခင်၏ သနား ချစ်ခြင်းကိုလည်း ခံယူချင်ပါသည် ။ အကျွန့် ၏ ချစ်ခြင်းများသည် အခါအားလျော်စွာ
စုန်ရေကဲ့သို့ သာ ရှိခဲ့ပါသည် ။

သခင်................

* ဘ၀ * ဟူသည် အကွေ့ အကောက်များလှသော မြစ်တစ်စင်းကို ဖြတ်ကျော်ရသကဲ့သို့  ဖြစ်ချေ၏ ။ အသို့ 
ကြောင့် အကျွန်၏ ချစ်ခြင်းဖြစ်သော မြစ်တစ်စင်းမှသာ သခင့်လိုရာ ခရီးရောက်အောင် ပို့ ဆောင်ပေးချင်ပါသည် ။ ဘ၀ဆို
သော ရေလမ်းခရီးကို ဖြတ်သန်းရာ၌ သခင် အလွယ်တကူ ဖြတ်သန်းစေနိုင်အောင် အကျွန့် ၏ *စေတနာ*ဆိုသော လှေကလေးလည်း အသင့် ရှိနေပါပြီ ။ ရေလမ်းခရီး၌ သခင်ငြီးငွေ့ ဖွယ်စိုးသဖြင့် အကျွန့် ၏ *မေတ္တာ*ဟု ကင်ပွန်းတပ်ထားသော မြစ်ရေ ခတ်သံများဖြင့် သခင့်အား ဖျော်ဖြေပါမည် ။ လေပြင်းများ၏ အန္တရာယ်မှ ကာကွယ်ရန် အကျွန့် ၏ *အကြင်နာ* များဖြင့် လွှမ်းခြုံ ကာကွယ်ပါမည် ။ အကျွန့် ၏ *သံယောဇဉ်* မည်သော သံစဉ်များဖြင့် သခင် နားသောတဆင်နိုင်ပါသည် ။ သို့ အပြင် အကျွန် ၏ နှလုံးသည်းပွတ်မှ ထွက်သော စကားများဖြင့် သခင် ရွှင်ပြုံးစေရပါမည် ။ အကျွန့် ၏ *နွေးထွေးအေးမြခြင်း* ခေါ်ဆိုသော စေတမာန်တော် ဇင်ယော်ကလေးများနှင့်လည်း ကပြဖျော်ဖြေပါမည် ။ ထိုအရာ အားလုံးသည် သခင့်အား မျှော်လင့်စောင့်စားနေကြပေကုန်၏ ။

သို့ သော်............
ယခု.............
သခင်သည် အကျွန်ရှိရာဘက်သို့  ဖ၀ါးတော်မျှ မလှမ်းပဲ အကျွန်နှင့် အလှမ်းဝေးသော အခြားလမ်းဆီသို့ သာ ခြေမြန်းပေတော့မည် ။ အကျွန့် ၏ ရင်တွင်း၌ ပြင်းစွာ ခံစားရခြင်းသည် မသက်သာ ။ အကျွန့့်အသည်းပြင်သည် တစပြင်ကဲ့သို့ နှယ် အသွင်တူပေတော့၏ ။ သခင်နှင့် အကျွန်သည် တဖြည်းဖြည်းနှင့် ဝေးကွာပေတော့မည် ။ သခင်နှင့်အတူ ဖြတ်သန်းချင်သော နေ့ ရက်များကို အကျွန် မပိုင်ဆိုင်နိုင်တော့ ။ သခင့်အား ဆုံးရှုံးရခြင်းသည် ကြီးစွာ ဆုံးရှုံးခြင်း မည်ပေ၏ ။ သခင့်အား အကျွန့် အသည်း အသက်နှင့် ရင်းမတတ် ချစ်မြတ်နိုးခဲ့ပါသည် ။ ထိုအရာများကို သခင် သိပါလေစ ။ အကျွန်သည် သခင်ထားခဲ့သောနေရာ၌်ငြိမ်သက်စွာ နေရစ်ခဲ့ပါမည် ။ သခင်ပေးခဲ့သော အလွမ်းများနှင့် ပျော်မွေ့ ပါမည် ။ သခင်၏ ဘ၀၌ အကျွန်မရှိခဲ့သော်လည်း အကျွန့်  အသည်းပြင်တွင် သခင်တစ်ယောက်သာ အစဉ် ထာဝရ ရှိစေရပါမည် ။ အကျွန်သည် သခင် သင်ပေးခဲ့သော ချစ်တတ်ခြင်းနှင့် ကျေနပ်ပါတော့မည် ။ သခင်နေစေချင်သော ဘ၀၌ ခြေအစုံချနေပါတော့မည် ။ အကျွန့် ဘက်သို့  တစ်ချက်မျှ လှည့်မကြည့်ပဲ အရှေ့ သို့ သာ ဆက်သွားတော်မူပါ သခင်။

သခင်................
အဆုံး၌ အကျွန့် ၏ ရင်တွင်းမှ မြစ်တစ်စင်းသည်လည်း သခင့်အား ဆုံးရှုံးခြင်းကြောင့် ကြီးစွာ ပျက်စီး၍ သည်းစွာ ငိုကြွေးနေပေသည် ။ အသို့ သော် အကျွန့် မှာ မငိုကြွေး ။ သခင့်အား မျှော်လင့်နေသော အရာများလည်း လူးလိမ့်ခံစားနေရရှာပေသည် ။ အသို့ သော် အကျွန့် မှာ မခံစား ။ အကြောင်းမည်သည် အကျွန့် အသည်းကို သခင့်အား အပြီးအပိုင် ပေးအပ်လိုက်သောကြောင့် ဖြစ်ပေ၏ ။ အထိုသော အသည်းမရှိ၍ ခံစားရသော ဝေဒနာသည် အဘယ်မျှ ပြင်းထန်ခံစားရသည်ကို သခင် မသိ မမြင်ပါစေနှင့်ဟု အကျွန် ရေရွတ်မိလေသည် ။ ။( သခင်တော်ရာမှာ ပျော်ပျော်နေနိုင်ပါစေ)

*သခင်* မုန်းမတတ် ချစ်မြတ်နိုးခဲ့မိသော

* အကျွန်*

နက္ခတ်သျှင

No comments:

Post a Comment